ကြည့်ခဲ့ဖူးတာ ကြာပြီဆိုတဲ့ တစ်ချို့ ရုပ်ရှင်တွေမှာ ဇာတ်လမ်းဇာတ်အိမ်ကို ကျွန်တော်တို့ မမှတ်မိတော့ ရင်တောင် ရခဲ့ဖူးတဲ့ ခံစားမှုတွေက ပြန်လာတတ်ပါတယ်။
ဒီရုပ်ရှင်ဟာ ကျွန်တော့်ကို Terminalရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တစ်ခုကို သတိရစေပါတယ်။ အဖေအတွက် ဆေးခိုးသယ်တဲ့ လူအခန်းမှာလားတော့ သေချာမမှတ်မိတော့ပါဘူး။ သုံးတဲ့ စကားလုံးအတိအကျကိုလည်း သေချာမမှတ်မိတော့ပါဘူး။
တစ်ခါတလေ လူတွေအကျိုးနဲ့ယှဉ်ရင် စည်းမျဉ်းတွေကို ဘေးဖယ်ထားပေးထားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်တဲ့ စကားစုလေးကို ကျွန်တော် မှတ်မိနေပါသေးတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ရဲ့ တရားစီရင်မှုနည်းစနစ်အရ တရားသူကြီးမင်းဟာ ဂျုရီဆယ့်နှစ်ယောက်ကို ကျပန်း ဖိတ်ကြားခဲ့တယ်။
ဒီလူတွေဟာ ဒီအမှုကနေ ဘာမှရယူစရာဆုံးရှုံးစရာမရှိတဲ့လူတွေ။
မတူညီတဲ့လူတန်းစာအလွှာလွှာ မတူညီတဲ့အသက်မွေးဝမ်းကြောင်းတွေ မတူညီတဲ့ စိတ်သဘောထားတွေ မတူညီတဲ့ဘဝအမြင်ရှိတဲ့လူတွေ။
သူတို့ အဆုံးအဖြတ်ပေးရမယ့် အမှုက လူသက်သေ ပစ္စည်းသက်သေ အကုန်ရှိနေတဲ့ လယ်ပြင်ဆင်သွားသလို ရှင်းလင်းနေတဲ့ လူသတ်မှု။ တရားသူကြီးရဲ့ မြွက်ကြားချက်အရ ဒီလူဆယ့်နှစ်ယောက်ရဲ့ တရားခွင်ကို တင်ပြရမယ့်အဖြေဟာ တစ်ခုတည်းဖြစ်ရမယ်။ ကျိုးကြောင်းဆီလျော်တဲ့ သံသယတစ်ခုရှိမယ်ဆိုရင် တရားခံဟာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်လို့ရတယ်။ အပြစ်ရှိတယ်ဆိုရင် အပြစ်ရှိကြောင်း လိပ်ပြာလုံလုံ တွေ့ရှိရမယ်။
ခေါင်းဆောင်လုပ်ချင်တဲ့လူ၊ဆင်ခြင်တုံတရားရှိတဲ့လူ၊ တရားသေသမား၊ သွေးအေးတဲ့လူ၊ သာမန်လူ၊ မတရားတာမြင်မနေတတ်တဲ့လူ၊ ငို့ဘ၊ နှလုံးသားကြီးတဲ့လူ၊ နားလည်တတ်တဲ့လူ၊ အရင်းရှင်ဝါဒသမား၊ တရားမျှတချင်တဲ့သူ၊ ဟန်များတဲ့လူ။
ဒီလိုစရိုက်မတူတဲ့လူ ဆယ့်နှစ်ယောက်ဟာ ဒီအမှုအတွက် ဖိတ်ကြားခံရတဲ့ ဂျူရီတွေပါပဲ။
ဒီလောက်ထင်ရှားနေတဲ့ သက်သေတွေနဲ့ အမှုမို့ ဂျူရီတွေဟာ အမှုအကြောင်း ဘာမှဆွေးနွေးမနေဘဲ အပြစ်ရှိမရှိမဲပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆင်ခြင်တုံတရားရှိတဲ့သူကလွဲ ကျန်တဲ့ဆယ့်တစ်ယောက်ဟာ အပြစ်ရှိတယ်လို့ မဲပေးခဲ့တယ်။
ဒါပေမယ့်လည်း သူတို့ ဆယ့်နှစ်ယောက်ဟာ အဖြေတစ်ခုတည်းဖြစ်ရမှာဖြစ်လို့ သဘာမတူတဲ့လူကို နားချဖို့ဖြစ်လာတယ်။
ဒီရုပ်ရှင်ထဲက အမှုဟာ ကျွန်တော်တို့ မျက်ကွယ်မှာဖြစ်တာပါ။ ဒီအမှုဟာ တကယ်တမ်း ဘာဖြစ်ခဲ့တာလဲ၊ ဂျူရီတွေမသိသလို ကျွန်တော်တို့လည်း မသိပါဘူး။ ဒါကပဲ ကျွန်တော်တို့ကို ရသတစ်ခုပေးပါတယ်။
ကျွန်တော်တို့ဟာလည်း ဂျူရီတွေလိုပဲ ဘာမှမသိရပါဘဲ ဆုံးဖြတ်ချက်တစ်ခုချဖို့ ဒီတစ်နာရီကိုခွဲမှာ စီးမျောပါသွားပါလိမ့်မယ်။
ကောင်လေးမှာ တကယ်အပြစ်ရှိမရှိ ကျွန်တော်တို့မသိသလို ဂျူရီတွေလည်း မသိပါဘူး။ တကယ်ဆိုရင် တွေးနေစရာလည်းမလိုပါဘူး။ မျက်မြင်သက်သေ ရှိပြီးသား လူသတ်မှုမှာ လျှပ်စစ်ကုလားထိုင်ပေါ်တင်လိုက်ရုံမျှအပ ရွေးချယ်စရာမရှိပါဘူး။
ဒါက ဥပဒေပါပဲ။ ဒါပေမယ့် လူသားဆန်မှုမှာတော့ ဥပဒေထက်ပိုတဲ့ရွေးချယ်စရာတွေရှိလာပါတယ်။ စည်းမျဉ်းဥပဒေတွေကို ဖယ်ထားပြီး လူသားဆန်မှုနဲ့တွေးကြတဲ့အခါ ပိုများတဲ့ ရွေးချယ်စရာတွေရှိလာပါတယ်။
ဒီရွေးချယ်စရာတွေကနေမှအပြစ်ရှိတယ်လို့ တရားသေသတ်မှတ်ခံရတဲ့ ၁၈နှစ်သား ကောင်လေးတစ်ယောက်မှာ တကယ်အပြစ်ရှိမရှိ ကျွန်တော်တို့အားလုံး ဆုံးဖြတ်ရမှာပါ။
ရုပ်ရှင်ထဲမှာ အယူမတူလို့ ပေါက်ကွဲနေတဲ့လူ ဆယ့်နှစ်ယောက်ရှိပါတယ်။ ဒီရုပ်ရှင်ပြင်ပမှာလည်းကြည့်ပြီးတဲ့အခါ ငြင်းရင်းခုံရင်း Angry Manတွေထပ်ထွက်လာဦးမှာပါပဲ။
ပြည်သူတစ်ယောက်ကို တရားစီရင်ဖို့ ပြည်သူဆယ့်နှစ်ယောက်ကို တာဝန်ပြန်ပေးထားတဲ့ ဒီမိုကရေစီစနစ်ရဲ့ တရားစီရင်မှုမှာ အဲ့ဒီပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမုန်းတွေနဲ့ ပြည့်မနေဖို့လည်းလိုပါတယ်။
ကျွန်တော်တို့ဟာ အမှားပေါင်းမြောက်များစွာနဲ့ လူသားတွေပါပဲ။ ဒီတရားစီရင်မှုမှာ ကျွန်တော်တို့ရဲ့ ဆင်ခြင်တုံတရားတွေကပဲ ကျွန်တော်တို့ရဲ့ နှလုံးသားကိုအနိုင်ရမလား။ ကျွန်တော်တို့နှလုံးသားတွေကပဲ ဆင်ခြင်တုံတရားကို အနိုင်ရမလား လွန်ဆွဲရမှာပါ။
ဘာကိုပဲရွေးရွေးပါ ကျွန်တော်တို့ဟာ လူသားတွေပါပဲ။ မှန်နိုင်တယ် မှားနိုင်တယ်။ ရွေးချယ်ရမှာကတော့ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ နှလုံးသားရဲ့ အလုပ်ပါပဲ…..Credit: Channel Myanmar
Related